ကြေးမုံဦးသောင်း – ဦးသန့်နှင့် ဗိုလ်ချုပ်ကြီးနေ၀င်း

Source: ဦးသန့်နှင့် ဗိုလ်ချုပ်ကြီးနေ၀င်း (ကြေးမုံဦးသောင်း)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်သည် တင်မောင်နှင့် စာပေမိတ်ဆွေဖြစ်ပါသည်။ သူထုတ်ဝေသော ဒီမိုကရေစီဂျာနယ်တွင် မိမိက ဆောင်းပါးရှင်တဦးဖြစ်ပါသည်။ တင်မောင်တည်းဖြတ်သော ဗမာ့ခေတ် သတင်းစာတွင် အစိုးရ၏ အာဘော်ကို ၀န်ကြီးချုပ်ဦးနုနှင့်အတူ “သမိန်ဗရမ်း” ကလောင်အမည်နှင့် ဆောင်းပါးရေးသဖြင့် သူက မိမိ၏ ဆောင်းပါးရှင် ဖြစ်လာပြန်သည်။
ကြေးမုံစက်သစ်ကြီးဝယ်ရန် ကိစ္စကို အကြောင်းပြုကာ အမေရိကန်အစိုးရက ဖိတ်သဖြင့် အမေရိကန်သို့ စာရေးသူ ရောက်သွားပါသည်။

တော်လှန်ရေးအစိုးရ အရှိန်တက်နေပုံများကို နှစ်ဦးသားဆွေးနွေးကြရာမှ တင်မောင်က “စစ်တပ်က သတင်းစာတွေကို ရန်ရှာစပြုပါပြီ” ဟု ပြောကာ “သတင်းစာသမားများအဖို့ ဘေးအန္တရာယ် ထူပြောသော ဇာတိမြေကို မပြန်လိုတော့ဟု ညည်းမိပါတယ်”။ “ခင်ဗျားထောင်ထဲရောက်မှာသေချာပါတယ်။ အတွေ့အကြုံစုံတာပေါ့။ ခင်ဗျားမပြန်တော့ဘူးဆိုရင် ဒီမှာ နေနိုင်ဖို့ ကူညီဖို့ အသင့်ရှိပါတယ်။ ဒါပေမယ့် ပြန်စေချင်ပါတယ်။ သတင်းစာဆရာတွေဟာ ရေးရဲရင် ခံရဲသူတွေဖြစ်ရမှာပေါ့။ ကိုယ်လည်း ပြန်ဖြစ်အောင် ပြန်ခဲ့မယ်။ ဗမာသတင်းစာတစောင်ဖြစ်အောင် ထောင်မယ်” ဟု တိုက်တွန်းခဲ့ပါသည်။

အမေရိကန်မှ ပြန်လာပြီးနောက် သူတွက်သည့်အတိုင်း ထောင်ထဲရောက်ခဲ့ရပါသည်။ ရေးရဲသဖြင့် ရဲရဲကြီး ကျောကော့ပြီးခံခဲ့ရပါသည်။

ဦးသန့်ကမူ ပြန်မလာနိုင်ရှာပါ။ အမေရိကန်တွင် ကွယ်လွန်ရှာပါသည်။ ဇာတိမြေကို ချစ်မြတ်နိုးသဖြင့် မြန်မာပြည်မှာ ခေါင်းချလိုသည်ဟု ဆန္ဒရှိသဖြင့် သူ၏ ရုပ်ကလာပ်ကို ရန်ကုန်မြို့သို့ သယ်ယူလာပါသည်။ ဦးသန့်ကို လူထုကြီးတရပ်လုံးက နိုင်ငံ၏ ကျက်သရေဆောင် သားကောင်းသားမြတ်အဖြစ် ၀မ်းနည်းတသ ကြိုဆိုကြပါသည်။

သူ့အား ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ကြသည်မှာ ထိုကာလက မြန်မာနိုင်ငံအစိုးရ၏ တိကျသော ကြားနေ၀ါဒ နိုင်ငံရေးလမ်းစဉ်ကြောင့် ဖြစ်ပါသည်။ ရာထူးတင်မြှောက်ခံရသည်နှင့် ဘုန်းစွမ်းနှင့်လူစကို ပြသနိုင်ခဲ့ပါသည်။ ဦးသန့်ကို တင်မြှောက်စဉ်က ပြင်သစ်အစိုးရက လက်မခံဘဲ ကန့်ကွက်ရာတွင် ပြင်သစ်သံအမတ်ကြီးက ဦးသန့်အား အရပ်ကလည်းပုရန်ကော၊ ပြင်သစ်စကားလဲ တတ်မြောက်သူမဟုတ်ဟု ပြောလေရာ ဦးသန့်က မဆိုင်းမတွ မိမိသည် နပိုလီယံထက် အရပ်မြင့်ပါသည်။ နပိုလီယံသည် အင်္ဂလိပ်စကား မတတ်ဘဲ ပြင်သစ်အင်ပါယာတည်ထောင်ခဲ့ပါသည်ဟု ဖြေကြားခဲ့သည်ကို ကမ္ဘာ့ခေါင်းဆောင်များက သြဘာပေးကြပါသည်။

အတွင်းရေးမှူးချုပ် ဦးသန့်သည် ဆယ်နှစ်တိုင် တာဝန်ထမ်းရွက်ခဲ့ရာတွင် ကမ္ဘာ့ပြဿနာအမျာကို ဖြေရှင်းပေး နိုင်ခဲ့ပါသည်။ ဟော်လန်ပြည်နှင့် နယူးဂီနိကိစ္စ၊ အိန္ဒိယ-ပါကစ္စတန် စစ်ပြေငြိမ်းရေးကိစ္စမှ စတင်ကာ ဗီယက်နမ်စစ်မီးငြိမ်းအေးရေးအထိ အောင်မြင်ထိရောက်စွာ ဆောင်ရွက်နိုင်ပါသည်။ တရုတ်နီ ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်လာသည်မှာ သူ၏ခေတ်တွင် ဖြစ်ပါသည်။ ကျူးဘားကျွန်းတွင် ရုရှက ဒုံးပျံများ တပ်ဆင်ပေးသောကြောင့် အမေရိကန်က ရုရှသင်္ဘောမှန်သမျှကို တားဆီးရှာဖွေသဖြင့် အနုမြူကမ္ဘာစစ်ကြီး ဖြစ်လုလု ရန်ပြုကြသည်ကို ဖြေရှင်းရေးတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါ၏။ ကုလသမဂ္ဂကြီး၏ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံရသူ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အမှုထမ်းစဉ်က အတွင်းဝန်ဦးသန့်သည် ငြင်းခုံလေ့မရှိဘဲ သိမ်မွေ့နူးညံ့သူဖြစ်ပါသည်။ ကုလသမဂ္ဂ ခေါင်းဆောင်ဖြစ်လာသောအခါ မိမိမှန်ကန်သည်ယူဆပါက မကြောက်မညှာ မျက်နှာမရွေး ပွင့်လင်းစွာ ပြောသဖြင့် ကမ္ဘာက ပိုမိုလေးစားကြပါသည်။ ၁၉၆၁ ခုနှစ်က ရုရှသို့သွားစဉ်က ရေဒီယိုမှ မိန့်ခွန်းပေးရာတွင် အကယ်၍သာ ရုရှပြည်သူတို့သည် ကွန်ဂိုပြည်တွင် ဖြစ်ပျက်နေသည်များကို အမှန်အကန်အတိုင်း သိရှိပါက သူတို့၏ ခေါင်းဆောင်များ ချမှတ်သော လမ်းစဉ်များသည် မှားယွင်းနေပြီဟု ပြောကြပေမည် … စသည့်ဖြင့် ပြောကြားပါသည်။ ရုရှအစိုးရက ထိုမိန့်ခွန်းကို ကမ္ဘာအရပ်ရပ်သို့ လွှင့်ကြားပေးသော်လည်း ရုရှပြည်တွင်း ရေဒီယိုတွင် ဖြတ်တောက်ပါသည်။

၁၉၆၇ ခုနှစ်က ဗီယက်နမ်အရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန်လူထုသည် ဗီယက်နမ်တွင် ဖြစ်ပွားနေသည့် သတင်းမှန်များကို သိရှိကြပါက သမ္မတဂျွန်ဆင် ချမှတ်လုပ်ဆောင်နေသော လမ်းစဉ်ကို ပြင်ဆင်ပါဟု တောင်းဆိုကြချေမည်ဟု ပြောခဲ့ပါသည်။

ဦးသန့်သည် မည်သူ၏ လက်ကိုင်တုတ်မှမဟုတ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးတခုတည်းကိုသာ ရှေ့ရှုသူ ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာပါသည်။ တခါက ရုရှသို့ ခရီးထွက်ရာ ခရူးရှက်က လေဆိပ်သို့ လာရောက်ကြိုဆိုပါသည်။ ပြင်သစ်တွင် ဒီဂေါက ကြိုဆိုပါသည်။ တဆက်တည်း မြန်မာနိုင်ငံသို့ လာသောအခါ လေဆိပ်၌ အင်္ဂလိပ်မင်းသမီးတဦးကို ပန်းကုံးစွပ်ကာ ကြိုဆိုနေသော ဦးနေ၀င်းက ဦးသန့်အားမကြိုဘဲ ရာထူးနိမ့်သော အရာရှိတဦးငယ်တဦးကိုသာ ကြိုစေပါသည်။

၁၉၆၄ ခုနှစ်က ဦးနေ၀င်းအမေရိကန်သို့ ခရီးထွက်စဉ်က ၀တ္တရားအရ ကုလသမဂ္ဂသို့သွားကာ ဦးသန့်ကို ဂါရ၀ပြုရပါသည်။ ထိုစဉ်က ဖမ်းဆီးထားသော ၀န်ကြီးချုပ်ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ကြာမြင့်စွာ ချုပ်နှောင်မထားသင့်ပါဟု ဦးသန့်က ဦးနေ၀င်းအား ပြောသည်ကို ဦးနေ၀င်းက မခံချင်ပါ။ သို့သော် အမေရိကန်က ပြန်လာသည်နှင့် ဦးနုတို့ကို လွှတ်ပေးခဲ့ပါသည်။
ဝန်တိုမစ္ဆေရိယစိတ်ကြီးမားသူ ဦးနေ၀င်းက ဦးသန့်ကို မကြည်ပါ။ “ဒီကောင်ကြီး”ဟု ခေါ်ဆိုသည်ကို ကြားရဖူးပါသည်။ ထိုအတွင်းရေးများကို သိပြီးဖြစ်စေကာမူ တင်မောင်က ဦးသန့်ဘွဲ့ ဆောင်းပါးရှည်တစောင် ရေးလိုက်ပါသည်။ နောက်တနေ့တွင် ပြန်ကြားရေးဌာန ဒု-၀န်ကြီးက ဆင့်ခေါ်ပါသည်။ “ခင်ဗျားရဲ့ ဆောင်းပါးကို သတင်းစာမှာ ထည့်ခွင့်မပြုနိုင်ပါ”ဟု ပြောပြီးမှ “ဒီစာမူပုံနှိပ်ရင် ကျုပ်ပါပြုတ်မှာ” ဟု ဆိုကာ အတွင်းရေးသတင်းများကို ပြောရှာပါ၏။

ဈာပနကော်မတီက ရုပ်ကလာပ်ကို အာဇာနည်ကုန်းတနေရာတွင်ဖြစ်စေ၊ ရွှေတိဂုံခြေတော်ရင်း မိဘုရားခေါင်ကြီး၏ ဂူအနီးတွင်ဖြစ်စေ မြုပ်နှံပါရစေဟု အစိုးရထံပန်ကြားသည်ကို ဦးနေ၀င်းက စိတ်ဆိုးကြောင်းသိရပါသည်။ “ငါ့မယားတောင်မှ ကြံတောမှာ မြုပ်ခဲ့တာ၊ ဒီကောင်ကြီးကိုလည်း ကြံတောမှာ မြုပ်ပစေပေါ့” ဟု အမိန့်ချပါသည်။ ဦးသန့်၏ ဂုဏ်ရည်ကို နားလည်သူ ပညာရေးဌာန ဒု-၀န်ကြီး ဦးအောင်တင်က ဦးသန့်၏ ဈာပနနေ့တွင် ၀မ်းနည်းကြောင်းနှင့် ကျောင်းပိတ်ပေးရန် ၀န်ကြီးအစည်းအဝေးတွင် အဆိုတင်သဖြင့် ထို ဒု-၀န်ကြီးကို ချက်ချင်း ရာထူးမှ ဖြုတ်ချလိုက်ပါသည်။

ဦးသန့်၏ ဈာပနသို့ နိုင်ငံတော်အစိုးရက လွမ်းသူ့ပန်းခွေမပို့ပါ။ အမည်မဖော်လိုသော အစိုးရ၀န်ထမ်း (၁၇)ဦး၏ လွမ်းသူ့ပန်းခွေဟု ဆန်းကြယ်သော ပန်းခွေတခုကို တွေ့ရပါသည်။ မူလတန်းကျောင်းတကျောင်းကလည်း ကျောင်းအမည်နှင့် လွမ်းသူ့ပန်းခွေပို့လေရာ စစ်စုံထောက်များက တရားခံများအဖြစ် လိုက်လံစုံစမ်းပါသည်။ ရာထူးမှ ပြုတ်ရသူ ဒု-၀န်ကြီးဦးအောင်တင်က သူ၏ အမည်ရေးထိုးထားသော လွမ်းသူ့ပန်းခွေပို့ပါသည်။ သူ၏ သတ္တိကို ချီးကျူးရပါမည်။

ဒု-၀န်ကြီးက တင်မောင်အား တိုးတိုးပြောသကဲ့သို့ အခြားဝန်ကြီးများကလည်း ပြောကြဟန်တူပါသည်။ ဦးနေ၀င်းက ဦးသန့်အား သူ၏ မယားနှင့် နှိုင်းယှဉ်သည်ကို လူထုကြီးက သိရှိကြပြီး ဒေါသူပုန်ထပါတော့သည်။

ဦးနေ၀င်းအမိန့်အရ ဦးသန့်၏ ရုပ်ကလာပ်ကို ကြံတောသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုလ်ရာတွင် အစိုးရက စစ်ထရပ်ကား (၁၅၀)လှူဒါန်းပါသည်။ စစ်စုံထောက်များက ဈာပနကို ထိန်းရန် စီစဉ်သည် ဖြစ်ပါသည်။ မရပါ။ ကျောင်းသားများနှင့် သံဃာများက ခေါင်းကို လုကြကာ ရန်ကုန်တက္ကသိုလ်သို့ သယ်သွားကြပါသည်။ ဈာပနအခမ်းအနားသစ်ကို ဒီမိုကရေစီနိုင်ငံရေးတရားပွဲများနှင့် ကျင်းပရာ လူထုကြီးက တက္ကသိုလ်ပရ၀ဏ်သို့ ကျိတ်ကျိတ်တိုးစည်းကားကာ တက်ကြပါ၏။

လေးရက်မျှ တရားပွဲများ ကျင်းပသောအခါ ဦးနေ၀င်းသည် လူထုကြီးအား အရှုံးပေးရပါသည်။ မူလက ဈာပနကော်မီတီပန်ကြားသည့်အတိုင်း ရွှေတိဂုံစေတီတော်၏ ခြေတော်ရင်းမှာ မြုပ်နှံခွင့်ပေးပါမည်။ ခေါင်းလုသူများကို အရေးမယူပါဟု ကြေညာပါသည်။ ကျောင်းသားများက လက်မခံပါ။ ဦးနေ၀င်း ဗုံးခွဲဖျက်ဆီးထားသော သမဂ္ဂမြေကွက်တွင် ဦးသန့်ဗိမာန်ကို တည်ဆောက်ကြပါသည်။

အစိုးရကို မကျေနပ်သည်မှာ ကြာပြီဖြစ်သည်ကို လူထုကြီးက သိသာထင်ရှားစွာ ဆန္ဒပြကြပါသည်။ တမြို့လုံး တရားပွဲသွားခြင်း၊ ထမင်းထုပ်ပို့ခြင်း၊ ရန်ပုံငွေလှူခြင်းတို့သာ လုပ်ဆောင်နေကြပါသည်။ အစိုးရရုံးများပင် ခြောက်ကပ်သွားပါသည်။ ထိုအချိန်က သတ္တိကောင်းသူ နိုင်ငံရေးခေါင်းဆောင် အနည်းငယ်မျှသာရှိပါက ဤအရေးအခင်းနှင့် နေ၀င်းအစိုးရကို ဖြုတ်ချနိုင်ဖွယ်ရှိသည်အထိ အင်အားကြီးပါသည်။ ဆယ်ရက်မြောက်သော နေ့တွင်မှ နယ်များမှ ခေါ်ယူလာသော ကြီးမားသည့် စစ်တပ်ကြီးဖြင့် တက္ကသိုလ်ဝင်းကို သိမ်းကာ၊ ဦးသန့်၏ ခေါင်းကို ဖော်ကာ ရွှေတိဂုံခြေရင်းတွင် ဂူသွင်းကြပါသည်။ အဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားသဖြင့် လူ (၇၀၀၀) ကျော် ဖမ်းရပါသည်။ မန္တလေးတွင် လူ (၄၅၀) ဖမ်းရပါသည်။

ဦးနေ၀င်းပေးလျော်ရသော တန်ဖိုးမှာ ကြီးမားလှပါသည်။ သူရဲကောင်းကြီးကို ၀န်တိုဒေါသဖြင့် မတန်မရာ မိမိဇနီးနှင့် နှိုင်းယှဉ်မှု ပြုမိသည့်သတင်းသည် ကမ္ဘာ့သတင်းစာများတွင် ပါရှိခဲ့သဖြင့် စောစောက သူ့ကို အထင်ကြီးမိသူများပင် နှာခေါင်းရှုံ့ကြပါတော့သည်။ ။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: